သီချင်းသံက ကျယ်လောင်ပေမယ့်လည်း မြစ်ဆီကလေပြင်းပြင်းတိုက်လာချိန်တွင်တော့ သူတို့ ဆီမှာ မကပ်နိုင်ဘဲ လွင့်ဝဲသွားရသည်။ သူတို့သည်လည်း စကားစတွေလွင့်ပါသွားမည်ကိုစိုးသည့် အလား ငြိမ်သက်တိတ်ဆိတ်ရင်း မြစ်ပြင်ကိုငေးကြည့်နေမိကြသည်။ တစ်ယောက်က ကွမ်းတစ်ယာထုတ်ဝါးလိုက်ပြီး နောက်တစ်ယောက်က လက်ဖက်ရည်တစ် ခွက်ကို မော့သောက်လိုက်သည်။ လက်ဖက်ရည်ကို အရသာခံသလိုမျိုး ကြာကြာလေးငုံထားပြီးမှ မျိုချ လိုက်သည်ကိုကြည့်ပြီး ကွမ်းဝါးနေသူက နှုတ်ခမ်းလေးတွန့်ရုံပြုံးသွားတာကို သူမြင်လိုက်ရသည်။ ပြီး တော့ လေထဲဝဲသွားသောဆံပင်တွေကို လက်နှင့်သပ်ပြီး မြစ်ဘက်ကိုပြန်ငေးကြည့်နေကာ မမြင်ချင် ယောင်ဆောင်နေသည့်မို့ သူလည်း မသိချင်ယောင်ဆောင်ပြီး ရေနွေးခွက်ကိုမော့သောက်လိုက်သည်။ လက်ဖက်ရည်သောက်နေသူကတော့ ရှုခင်းကိုပါရော၍ မျိုချလိုက်သလိုမျိုး အငမ်းမရကြည့်နေသည်။ မြစ်ပြင်ကြီးကိုကြည့်ရတာ မျက်စိနဲ့တောင် မဆန့်သလိုပဲကွာ၊ အားကိုမရဘူးဟု တစ်ယောက် ကပြောတော့ အဲဒီခံစားမှုက တစ်မျိုးပဲကွ၊ မြင်ကွင်းကျယ်ကျယ်ရဲ့အရသာလေဟု တစ်ယောက်က ထောက်ပေးသည်။ ပင်လယ်ကိုကြည့်ရတုန်းကတောင် ဒီလိုမဖြစ်ဘူးကွ၊ လှိုင်းတွ...