“မောင်ခင်ရေ လွတ်လပ်ရေးကြီးရတော့မယ်တဲ့ဟ” ဦးကြီးဘ၏စကားကိုကြားတော့ မောင်ခင်ကရယ်သည်။ “တော်ပါတော့ ဦးကြီးရယ်။ ဟိုတစ်ခါလည်း လွတ်လပ်ရေးပေးပြီးတော့ ပါးရိုက်ခံရတာပဲ။ လွတ်လပ်ရေးဆိုတာ ပါးရိုက်တာကိုပြောတာလား” “ဟိုတစ်ခါက အတု၊ ဒီတစ်ခါက အစစ်ဟ မောင်ခင်ရ” ဤသတင်းသည် ဤအတိုင်းပင် ရွာထဲ၌ပျံ့နေတော့သည်။ လွတ်လပ်ရေးဆိုသည်ကို ဂျပန် တွေ ပါးရိုက်သည်နှင့်သာ သိကြရသောရွာသားတို့မှာကား လွတ်လပ်ရေးရလို့မှ ပျော်ရကောင်းမှန်း မသိ။ “လွတ်လပ်ရေးရပြီဆိုတော့ တို့သူကြီး ဦးဆယ်ကြီးက ဘာလုပ်မှာလဲ” မေးသူက မေးကြသေးသည်။ ဖြေသူခမြာလည်း ကြိုးစားပြီးဖြေရရှာသော်ငြား သူ့ခမြာ သိပ် မသိလှ။ “သူကြီးကတော့ သူကြီးပဲလုပ်မှာပေါ့ကွ။ ဒီလူကြီးက သူကြီးအလုပ်ကလွဲပြီး ဘာမှလုပ်တတ် ရှာမှာမဟုတ်ဘူး” ဤသို့လျှင် ရွာကလေး၌ သတင်းကပျံ့နှံ့ဂယက်ထ၍နေတော့သည်။ ထိုသို့ပျံ့နှံ့၍ လူပြော များလှသော သတင်းကိုပင် လူတိုင်းမေ့သွားလောက်အောင်ထူးခြားလှသောသတင်းတစ်ပုဒ် ထွက်လာ လေ၏။ ထိုသတင်းကား သူကြီးဦးဆယ်ကြီးနှင့် ရွာဘုန်းကြီးဦးဆန္ဒတို့၏သတင်းပင်ဖြစ်သည်။ “ဦးဆယ်ကြီးနဲ့ ဦးဆန္ဒတို့ နာရီလုကြတာတဲ့” တစ်ယောက်သောသူ၏အပြောတွင် စဉ်းစားရှာ ကြသူတို့က ဝင...