ခန်းမက တီးတိုးစကားသံတွေကလွဲပြီး တိတ်ဆိတ်နေသည်ဟု ဆိုနိုင်သည်။ အဓိကတာဝန်ရှိသူကို စောင့် နေရသော အစည်းအဝေးတစ်ခု၏ အသက်က ဝင်မလာသေး။ နာရီကိုမော့ကြည့်တော့ ကိုးနာရီထိုးဖို့ ငါးမိနစ် လို သေးသည်။ နာရီကိုကြည့်မိတော့မှ ပိုပြီး ပူလာသလိုမျိုး ခံစားလိုက်ရသည်။ အပူငွေ့တွေက အခန်းထဲမှာ ဝေ့ဝဲနေ သည်။ အစည်းအဝေးလာသည့်လူတွေဆီကပဲ ထွက်လာတာများဖြစ်နေမည်လား မသိ။ သူတို့အားလုံး၏မျက်နှာတွေ က ညှိုးနွမ်း၍နေသည်။ ပြင်ပအပူကြောင့်လား၊ သူတို့၏ စိတ်ပူပင်သောကရောက်မှုတွေကြောင့်ပဲလားမသိ။ ကိုးနာရီထိုးဖို့ သိပ်မလိုခင်မှာပဲ ဆေးရုံအုပ်ကြီးနှင့် မြို့နယ်မှ တာဝန်ရှိသူတို့ ရောက်လာကြသည်။ အစည်း အဝေးတော့မည်ဆိုတော့ သူတို့အားလုံး၏ စာအုပ်နှင့်ယပ်ခတ်နေရမှုကို ရပ်တန့်လိုက်ကြသည်။ အစည်းအဝေးများ၏ ပုံမှန်လုပ်နည်းလုပ်ဟန်များကို သူတို့ ပျင်းရိငြီးငွေ့စွာဖြတ်ကျော်အပြီးတွင် အားလုံးကို ဒုက္ခပေးနေသည့် ကိစ္စ ရောက်လာလာ၍ ထိုင်ခုံတွေပေါ်တွင် ခါးကိုမတ်လိုက်ကြသည်။ ခုတလောမှာပူပန်နေရသည်က ဒီကိစ္စကြောင့်လား၊ ဒီကိစ္စကပတ်သက်ဆက်နွယ်လာမည့် ယခု အစည်းအဝေး အပါအဝင် ကိစ္စပေါင်းသောင်းခြောက်ထောင်အတွက်လား ...