လရောင်က လင်းလင်းချင်းချင်း သာလို့နေသည်။ သစ်ရွက်ကြိုသစ်ရွက်ကြားမှ လမင်းကို လှမ်းကြည့်ရင်း ဒုက္ခခံနေရသည်ဟု မြင်ရမည်လား၊ ဒုက္ခရောက်သွားရသည်ဟု မြင်ရမည်လား စဉ်းစားနေမိသည်။ သူ လိုချင်တောင့်တ စွာဖြင့် တစိုက်မတ်မတ်လိုက်လုပ်နေခဲ့သည်ကို မရခဲ့ပါက သူ ဒုက္ခရောက်သွားရသည်ဟု ဆိုရပေလိမ့်မည်။ ရလာလျှင် တော့ အပင်ပန်းအဆင်းရဲခံပြီးရယူနိုင်ခဲ့သော အောင်ပွဲဖြစ်သွားပေလိမ့်မည်။ နေ့လယ်ကတည်းကပျောက်သွားသော သူ့အဖော်ကကော ဘယ်ရောက်နေသည်လဲ။ သူ့လိုပင် တောကြီး မျက်မည်းထဲ၌ တစ်ယောက်တည်းရှိနေလိမ့်ဦးမည်ဟု မျှော်လင့်ရသည်။ ဒုက္ခအားလုံး၏အစဖြစ်သော နှင်းခြင်္သေ့ဆို သည်ကရော ဘယ်မှာလဲ။ တကယ်တမ်းကျတော့ ထိုသို့ပြောလိုက်ခြင်းသည် နှင်းခြင်္သေ့အပေါ်တွင် မတရားရာ ရောက်သည်။ သူတို့ကသာလျှင် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်သွားပြီဟု ပြောနေကြပြီးမှ တွေ့လာသည့် နှင်း ခြင်္သေ့နောက်ကို လိုက်လာကြခြင်းမို့ သူတို့ကိုယ်တိုင်သည်ပင် ဒုက္ခ၏အကြောင်းခံဟု မြင်နိုင်သည်။ မနေ့က သူတို့တောထဲဝင်လာချိန်တွင် ဘယ်လိုမှဖျောင်းဖျ၍မရသော ဒေသခံလမ်းပြ၏စကားကို နားထောင် သင့်သည်ဟုပဲ တွေးရမလိုဖြစ်နေသည်။ ထိုလမ်းပြကလည်း သူတို့ကို ဘယ်လိုမှ ဖျောင်းဖျ၍မရသော...