အမျိုးသမီး ၏ပုံစံကရဲတင်းလွန်းသည်။ မထီမဲ့မြင်သဘောနှင့် ခေါင်းကိုမော့ထားသည်က မထီမဲ့မြင်နိုင် သည်လား၊ မျက်ရည်မကျအောင်ထိန်းထားသည်ပဲလား တွေးကြည့်ချင်စရာပင်ဖြစ်သည်။ အားလုံးသောလူတွေ၏ အကြည့်မှာ သူ့အပေါ်တွင် ရွံရှာမုန်းတီးမှုတွေအပြည့်နှင့်ဖြစ်လာမည်ကို ကြိုမသိ၍တော့မဟုတ်လောက်။ သူ့ပုံစံ က IQ အနည်းဆုံး ၁၅၀ ကျော်လောက်ရှိမည့်ပုံမှာရှိနေသည်။ တရားသူကြီးဝင်လာတော့မှ လူအုပ်ကြီးတစတစငြိမ်သက်သွားသည်။ မကြုံစဖူးအမှုမို့ လူတိုင်းကလာ ရောက်၍တရားခံကိုကြည့်ချင်နေကြရာ ဘောလုံးကွင်းကိုပင်တရားရုံးလုပ်ပစ်လိုက်ရသည်။ ရုပ်မြင်သံကြားမှာ တိုက်ရိုက်လွှင့်တာကိုလည်း ဝိုင်းကြည့်နေကြသူတွေနည်းလိမ့်မည်မဟုတ်။ အမှုက ကမ္ဘာကိုဖျက်ဆီးရန်ကြံစည်မှု နှင့် အခြားအမှုတွေကိုပါ စွဲချက်တင်ထားရာ တစ်ကမ္ဘာလုံးအတွက် သေရေးရှင်ရေးနေ့ရက်ကြီးပင်ဖြစ်တော့သည်။ ရှေ့နေကြီးကထပြီး တရားခံကိုလှမ်း၍မေးတော့သည်။ သူတို့တွေလည်း တရားရုံး၏လုပ်ငန်းစဉ် ပြုမြဲကျင့် ဝတ်တို့ကိုဘေးချိတ်ပြီး အတိုဆုံး၊ အထိရောက်ဆုံးနည်းလမ်းကိုသာ ကျင့်သုံးကြတော့သည်။ “မင်းလုပ်ခဲ့တာ ကမ္ဘာကြီးပျက်စီးသွားနိုင်တယ်သိရဲ့လား” အမျိုးသမီးက စူးစူးရဲရဲပြန်ကြည့်သည်။ ဘာမှပြန်မပြော။ “...