အဲဒီနေ့ပေါ့ တိမ်တွေနဲ့အုံ့ထားလို့ ငါတို့မှာ အပူမရှိတာ။ အဲဒီနေ့ပေါ့ ကာလရှည်အောင် ညောင်းခဲ့ရတဲ့ အတောင်တွေကို ပြန်ဆန့်ကြည့်ခဲ့တာ။ ငါတို့တွေဟာ ရထားမောင်းကားမောင်းသမားတွေ ဆန္ဒပြလို့ အတောင်တွေ ထိုးဖွက်ရင်း ခြေချုပ်မိခဲ့ကြတယ်။ နောက်တော့ ကမ္ဘာကြီးက လူတွေကို ဆန္ဒထပ်ပြလိုက်တဲ့ ကိုဗစ်-၁၉ ဆိုတဲ့ ၂၀၁၉ ထုတ်ကုန်တခုနဲ့ ဒုက္ခတွေရောက်နေခဲ့တဲ့ ၂၀၂၀ထဲမှာ အညောင်းမိမှုကြီးက နှစ်လလောက်လေ။ ဒီနေ့တော့ ငါတို့ သိမ်းထားတဲ့ အတောင်တွေကို ဖြန့်ချပြီး ဂျုံခင်းတွေအထက် ပျံဝဲတော့မယ့် ကျီးကန်းတွေပဲ။ ဟိုးမှာ ဝါ့စ်ဆိုတဲ့ မြစ်တစ်စင်း၊ အဲဒီမြစ်ရဲ့ ကမ်းတဖက်မှာ အူဗာဆိုတဲ့ မြို့တမြို့။ အဲဒီမြို့လေးကိုမှ ဗင်းဆင့်ဗန်ဂိုးဆိုတဲ့တယောက်က အရောင်တွေ တင်ပေးခဲ့လေတယ်။ တလသာသာလောက်နေခဲ့တာက တဘဝစာမကအောင် ရှင်ကျန်ရစ်နေတော့တာပဲ။ ငါတို့နဲ့ တပြည်နယ်ထဲဆိုတော့ အနီးသားပေမယ့် ခရီးကတော့လေးဆင့်လောက်ရယ်။ အဝေးသွားရထားကို မစီးခင်မှာကို ဘတ်စ်ကားနှစ်ဆင့်နဲ့ မြို့ပတ်ရထား စီးရဦးမတဲ့။ ကျောင်းသားပဲ လမ်းလျှောက်တာက ပိုက်ဆံသက်သာရုံမကဘဲ ကျန်းမာရေးပါ ကောင်းတယ်လေဆိုတဲ့စိတ်နဲ့ ဘတ်စ်ကားနှစ်ဆင့်ကြားက မြို့ပတ်ရထားနှစ်ဘူတာကို ဆယ့်ငါးမိနစ်လောက် လျှောက်ပစ်တယ်။ လော့ဒေါ...